ကျောက်ကပ်တစ်လုံးတည်းနဲ့ရှင်သန်ရရင် ဘယ်လိုဖြစ်မလဲ
လူအများစုမှာ ကျောက်ကပ်နှစ်လုံး ပိုင်ဆိုင်ပေမဲ့ လူတစ်ချို့မှာတော့ တစ်လုံးတည်း ရှိနေတတ်ပါတယ်။ အကြောင်းပြချက် သုံးချက် ဖြစ်နိုင်ပါတယ်။
၁။ မွေးကတည်းက ကျောက်ကပ်တစ်လုံးတည်း ပါလာသူ
လူအယောက် ၇၅၀မှာ တစ်ယောက်ဟာ ကျောက်ကပ်တစ်လုံးတည်းပဲ ပါလာတတ်ပါတယ်။ ဒီအခြေအနေကို ဆေးပညာအရ renal agenesis ( ရှားပါးတဲ့ မွေးရာပါ ကျောက်ကပ် တစ်လုံး သို့ နှစ်လုံးစလုံး မပါလာခြင်း) လို့ခေါ်ပါတယ်။ အမျိုးသားများမှာ အတွေ့ရ ပိုများပါတယ်။ ဘယ်ဘက်ခြမ်းက ကျောက်ကပ် မပါရှိတာ အတွေ့ရများပါတယ်။ ကျောက်ကပ်တစ်လုံးတည်းနဲ့လည်း ကျန်းကျန်းမာမာ နေထိုင်နေနိုင်ပြီး ဆေးစစ်ချိန်မှာ ဓာတ်မှန်၊ ultrasound ရိုက်မှသာ ကိုယ့်ကိုကိုယ် ရှာဖွေသိရှိသွားတာမျိုးဖြစ်တတ်ပါတယ်။ နောက်အခြေအနေတစ်ရပ်ကတော့ ကျောက်ကပ်တော့ နှစ်လုံးပါပါရက် တစ်လုံးက ကောင်းစွာ အလုပ်မလုပ်တဲ့ အခြေအနေလည်း ရှိပါတယ်။ Renal dysplasiaလို့ခေါ်ပါတယ်။
၂။ ရောဂါပြသာနာကြောင့် ကျောက်ကပ်ကို ဖယ်ထုတ်လိုက်ရသူ
ကင်ဆာကြိတ်ကြောင့်၊ မတော်တဆမှု ဖြစ်ကာ ကျောက်ကပ် ကြေမွပျက်စီးသွားတာကြောင့်၊ စတဲ့ အကြောင်းကြောင်းကြောင့် ဖယ်ထုတ်ထားရသူတွေလည်း ရှိပါတယ်။
၃။ သူတစ်ပါးကို ကျောက်ကပ်တစ်ဖက် လှူထားသူ
နှစ်စဉ်နှစ်တိုင်း ကျောက်ကပ်အစားထိုးကုသမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်လာတဲ့အတွက် ထောင်နဲ့ချီတဲ့လူတို့ဟာ ကျန်းမာကောင်းမွန်တဲ့ ကျောက်ကပ် လိုအပ်နေတဲ့ ဝေဒနာရှင်တွေကို လှူပေးထားကြပါတယ်။ လက်ခံသူတွေဟာ မိမိရဲ့ ဆွေမျိုး၊ မိတ်ဆွေ၊ သူငယ်ချင်း၊ အိမ်ထောင်ဖက်တို့ပဲ ဖြစ်ပါတယ်။
ကျောက်ကပ်တစ်လုံးတည်းရှိရင် ဘယ်အချက်တွေ သတိပြုရသလဲ?
"မှန်ကန်စွာစား၊ လေ့ကျင့်ခန်းလုပ်၊ ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်း၊ ရေဓာတ်ပြည့်ဝအောင်နေ၊ ဆရာဝန်နဲ့ မှန်မှန် ပြ " စတဲ့ အခြေခံအချက် ၅ ချက်နဲ့ နေထိုင်သွားရပါမယ်။
ဒါ့အပြင် ကျောက်ကပ်တစ်လုံးတည်းနဲ့ နေသူတွေအတွက် အထူးဂရုပြုရမယ့်အချက်တွေလည်း ရှိပါသေးတယ်။
၁။ သွေးပေါင်ချိန်
ကျောက်ကပ်တစ်လုံးတည်း ရှိသူတွေဟာ သွေးတိုးနိုင်ချေ များပါတယ်။ မိမိတို့ရဲ့ သွေးပေါင်ချိန်ကို မကြာခဏ တိုင်းကြည့်နေဖို့လိုပါတယ်။ မိမိရဲ့ သက်ဆိုင်ရာ ဆရာဝန်ကိုလည်း ကျောက်ကပ်တစ်ခုတည်းရှိကြောင်း အသိပေးထားဖို့ လိုပါတယ်။ သို့မှသာ လိုအပ်လို့ သွေးကျဆေးသောက်ရတဲ့အခါ ကျောက်ကပ်အတွက် ထိခိုက်မှုနည်းတဲ့ ဆေးဝါးတွေကို ဆရာဝန်မှ ရွေးချယ်ညွှန်းပေးနိုင်မှာ ဖြစ်ပါတယ်။
၂။ ကျောက်ကပ်ရဲ့ သွေးတွင်းမှ အညစ်အကြေး စွန့်ထုတ်နိုင်မှု တိုင်းတာချက် GFR efficiency ( Glomerular filtration rate efficiency)
GFR efficiency ကို ဆရာဝန်ညွှန်ကြားချက်နဲ့အညီ သွေးစစ်ချက်မှာ ထည့်သွင်းစစ်ဆေးရပါတယ်။ ဆရာဝန်က လူရဲ့ အသက်၊ ကျား/မ၊ သွေးတွင်း creatinine ပမာဏ၊ ကြွက်သားဆဲလ်များရဲ့ လဲလှယ်မှုအရ သွေးထဲမှ အညစ်အကြေးများ စတဲ့ပမာဏ အသီးသီးကို ပုံသေနည်းထဲမှာ ထည့်သွင်းကာ ဆရာဝန်မှ တွက်ချက်အဖြေထုတ်ပါတယ်။ မိမိရဲ့ ကျောက်ကပ်ဟာ ဘယ်အခြေအနေအဆင့်မှာ ရှိပါတယ်၊ ဘာတွေ ရှောင်၊ ဘာတွေ ဆောင်၊ ဘယ်လို ဆင်ခြင်စသည့်ဖြင့် ဆရာဝန်မှ သုံးသပ်ပေးရပါတယ်။
၃။ ပရိုတင်းစားသုံးမှု
ပရိုတင်းပမာဏ အများအပြားဟာ သွေးထဲမှာ ဆုံးရှုံးပြီး ဆီးထဲမှာ အမြောက်အမြား ပါသွားတဲ့အခါ ခန္ဓာကိုယ်ဟာ ရေနဲ့ ဆိုဒီယမ်ဆားဓာတ်ကို ဖြည့်စွက်စုပ်ယူပါတယ်။ ထိုအခါ ဝမ်းဗိုက်နဲ့ ခြေထောက်တွေမှာ ဖောင်းယောင်လာတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ ဆီးမှာ ပရိုတင်းပမာဏ မြင့်တက်နေခြင်းဟာ ကျောက်ကပ်တစ်လုံးတည်း ရှိခြင်းအတွက် မသင့်တော်ပါ။ မိမိရဲ့စားသောက်မှုပုံစံမှာ ပရိုတင်းဓာတ် လျှော့ဖို့ လို/မလို ဆရာဝန်နဲ့ တိုင်ပင်ဖို့လိုပါတယ်။
၄။ အားကစားမှာ ပါဝင်မှု
လေ့လာချက်တွေအရ ကျောက်ကပ်တစ်လုံးတည်းရဲ့ လုပ်နိုင်စွမ်းသည် ကျောက်ကပ်တစ်စုံရဲ့ အစိတ်အပိုင်းအဖြစ် လုပ်နိုင်စွမ်းထက် ၄၀% သာလွန်တယ်လို့ ဆိုကြပါတယ်။ သို့သော် တစ်ခုတည်းသော ကျောက်ကပ်ကို အတိမ်းအစောင်း မခံဘဲ ကာကွယ်ဖို့က အရေးပါလှပါတယ်။ အလွန်ပြင်းထန်အားစိုက်ရတဲ့၊ မတော်တဆ ထိခိုက်နိုင်ချေများတဲ့ အားကစား အမျိုးအစားကိုတော့ ရှောင်ရပါမယ်။ အပျော်တမ်း တစ်ခါတစ်လေ ကစားရင်လည်း အကာအကွယ်များ သေချာဝတ်ဆင်ရပါမယ်။
ကျောက်ကပ်စတင် ယိုယွင်းလာတဲ့အခါ ပြသတဲ့ လက္ခဏာတွေကိုလည်း သိရှိထားဖို့ လိုပါတယ်။
- မျက်နှာနဲ့ ခြေထောက်များ ဖောယောင်လာခြင်း
- ဆီးသွားရင် အမြှုပ်ထခြင်း၊ ဆီးအရောင်ပြောင်းခြင်း
- ပျို့အန်ခြင်း
- အစားအစာ အရသာခံမှု ပြောင်းလာခြင်း
- ခြေချောင်း၊ လက်ချောင်းများ ထုံကျဉ်ခြင်း
- မောပန်းလွယ်ခြင်း တို့ဖြစ်ပါတယ်။
များစွာသော ကျောက်ကပ်တစ်လုံးတည်းနဲ့ နေနေတဲ့သူတွေဟာ ကျောက်ကပ်နှစ်လုံးရှိသူတွေလိုပဲ နေနိုင်ကြပါတယ်။ ဂရုတစိုက်စားသောက်၊ သွေးပေါင်ချိန်ကို ထိန်း၊သင့်တင့်တဲ့ လေ့ကျင့်ခန်း လိုက်စား၊ ဆရာဝန်မှန်မှန်ပြကာ ဆေးစစ်ချက်မှန်မှန်လုပ်ရင် ကျမ်းမာတဲ့ဘဝကို အများနည်းတူ ဖြတ်သန်းနိုင်ပါတယ်။ တစ်ခုတည်းသော ကျောက်ကပ် စတင်ချို့ယွင်းပြီဆိုဦးတော့ ကျောက်ကပ်ဆေးခြင်း၊ ကျောက်ကပ်အစားထိုးခြင်း စတဲ့ကုသမှု နည်းလမ်းများလည်း ရှိနေပြီဖြစ်တဲ့အတွက် အရမ်းမစိုးရိမ်ပဲ စနစ်တကျနေထိုင်ကာ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေ။
ရေးသားသူ - Dr. MMT